ဦးနှောက်အခန်းများ၌ အရည်များစုခြင်းအကြောင်း
Hydrocephalus ဆိုတာ ဦးနှောက်ရဲ့ အတွင်းပိုင်းက ventricles လို့ခေါ်တဲ့ အခန်းငယ်ကလိုင်ပေါက်တွေမှာ အရည်တွေစုပုံတာကြောင့် အခန်းငယ်တွေရဲ့ အရွယ်အစားကြီးလာကာ ဦးနှောက်ပေါ်ကို ဖိသလိုမျိုး ဖြစ်တဲ့ အခြေအနေ ဖြစ်ပါတယ်။
Cerebrospinal fluid (CSF) လို့ခေါ်တဲ့ ဦးနှောက်နဲ့ ပင်မကျောရိုးမကြီးတစ်လျှောက်မှာ သွားလာစီးဆင်းနေတဲ့ အရည်တွေဟာ ပုံမှန်ဆိုရင် ဒီအခန်းငယ်များကို သက်ဆိုင်ရာ မြောင်းငယ်များက တစ်ဆင့် ဖြတ်သန်းစီးဆင်းပါတယ်။ ဦးနှောက်နဲ့ ကျောရိုးမကြီးဟာ ဒီအရည်ထဲမှာ စိမ်နေတဲ့ပုံစံမျိုး ရှိနေပါတယ်။
CSF ကို ဦးနှောက်တစ်ရှူးကနေ ထုတ်လုပ်ပါတယ်။ဦးနှောက်သားမျက်နှာပြင်ပေါ်က သွေးကြောတွေက ဒီ CSF အရည်တွေကို လိုအပ်သလောက် ပမာဏပဲ ရှိနေစေပြီး အရည်ပိုတွေမအိုင်လာအောင် စုပ်ယူလိုက်ကာ သွေးစီးကြောင်းထဲ စီးဆင်းစေပြီး ဖယ်ရှားပါတယ်။
CSF ကြောင့် လေးလံတဲ့ ဦးနှောက်လုံးကြီးဟာ ဦးခေါင်းခွံအရိုးခွင်ထဲမှာ ဖောလောပေါ်နေကာ အနာတရမရဘဲ နေနိုင်တာပါ။ ဒါ့အပြင် ဦးနှောက်ပေါ်ကျရောက်မယ့် ဖိအားတွေကို ထိန်းညှိပေးပါတယ်။ အညစ်အကြေးတွေကို သူ့စီးဆင်းရာထဲမှာ လိုက်ပါစေကာ စွန့်ပစ်ပေးပါတယ်။
CSF အရည်များ လိုတာထပ် ပိုထုတ်လုပ်တဲ့ အခြေအနေများနဲ့ သွေးကြောထဲသို့ မစုပ်ယူနိုင်လောက်အောင် ပိုလျှံစုပုံလာတဲ့အခါမှာတော့ ဦးနှောက်တစ်ရှူးတွေကို ဖိအားပိုသက်ရောက်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ထိခိုက်ပါတယ်။
မိခင်ဝမ်းတွင်းမှာ ရှိစဉ်ကတည်းက ကလေးငယ်ရဲ့ ဦးနှောက်ကို ပိုးဝင်တာ၊ ဦးနှောက် နဲ့ ပင်မကျောရိုး တစ်နေရာရာမှာ ဖြစ်ဖြစ် အကြိတ်တည်တာ၊ ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ပိုးဝင်တာ၊ ဦးခေါင်းဒဏ်ရာ (သို့) လေဖြတ်ခြင်းကြောင့် ဦးနှောက်သွေးယိုတာ စတဲ့ CSF စီးဆင်းမှု ပိတ်ဆို့တဲ့ အခြေအနေတွေမှာ ဦးနှောက်အခန်းများမှာ အရည်စုခြင်း (hydrocephalus ) ဖြစ်ရပါတယ်။
ဦးနှောက်အခန်းများမှာ CSF အရည်များစုခြင်းဟာ အသက်အရွယ်တိုင်းမှာ ဖြစ်တတ်ပေမဲ့ မွေးကင်းစကလေးများနဲ့ အသက် ၆၀နဲ့အထက် လူကြီးသူမတွေမှာ အဖြစ်များပါတယ်။ ဝေဒနာလက္ခဏာတွေကတော့ လူနာရဲ့ အသက်အရွယ်အလိုက် ကွဲပြားပါတယ်။
မွေးကင်းစကလေးငယ်များမှာ ဦးခေါင်းအရွယ် အလွန်ကြီးတာကို တွေ့ရပါတယ်။ အချိန်တိုအတွင်းမှာ ဦးခေါင်းကြီးလာပြီး ခေါင်းထိပ် အရိုးမဆက်သေးတဲ့နေရာမှာ ဖောင်းနေတတ်ပါတယ်။ ကလေးက ပျို့အန်တာ၊ မှိန်းနေတာ၊ ဂျီ အရမ်းကျတာ၊ နို့သိပ်မစို့တာ၊ တက်တာ၊ ကြွက်သားတွေရဲ့ အားလျော့တာ၊ မျက်လုံးက အောက်ကို စိုက်နေတာတွေ ဖြစ်တတ်ပါတယ်။
အရွယ်နည်းနည်းကြီးတဲ့ လေးဖက်ထောက်အရွယ်နဲ့ အသက်ပိုကြီးတဲ့ ကလေးငယ်များမှာတော့ ခေါင်းကိုက်၊ အမြင်ဝါး၊ပုံရိပ်နှစ်ထပ်မြင်၊ မျက်စိမှာ မူမမှန်တဲ့ လှုပ်ရှားမှုတွေ ရှိတာ၊ ခေါင်းကြီးတာ၊ မှိန်းနေတာ၊ နှေးကွေးတာ၊ ပျို့အန်တာ၊ အစာသိပ်မစားတာ၊ ဆီး၊ဝမ်း ပေါက်ချတာ၊ ကိုယ်နေဟန်ထား ဟန်ချက်မညီတာတွေ တွေ့ရပါတယ်။ ဂနာမငြိမ် ဂျီကျတာ၊ အပြုအမူ ပြောင်းတာ၊ ကျောင်းသာ မလိုက်နိုင်တာ၊ ဖွံ့ဖြိုးမှုနှေးတာတွေလည်း ဖြစ်တတ်ပါတယ်။
အရွယ်လတ်ပိုင်းလူငယ်များမှာတော့ ခေါင်းကိုက်တာ၊ နှေးကွေးတာ၊ဟန်ချက်မညီတာ၊ ဒယိမ်းဒယိုင်ဖြစ်တာ၊ ဆီး၊ဝမ်း မထိန်းနိုင်တဲ့ ပြသာနာ၊ အမြင်အာရုံပြသာနာ၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်တဲ့၊ စဉ်းစားတွေးခေါ်တဲ့ ပြသာနာတွေ ကြုံရပါတယ်။
အသက်၆၀ နဲ့ အထက် လူကြီးများမှာလည်း ထိုနည်းတူ ဆီးဝမ်းမထိန်းနိုင်၊မေ့လျော့တာ၊ မစဉ်းစားနိုင်တော့တာ၊ ဟန်ချက်မညီ လမ်းမလျှောက်နိုင်တော့တာ ၊ လမ်းလျှောက်တာ ခြေလှမ်းစိတ်စိတ်နဲ့ ခြေသိပ်မကြွဘဲ တစ်ရှပ်ရှပ်လျှောက်တာတွေ တွေ့ရပါတယ်။
မွေးကင်းစနဲ့ လေးဖက်ထောက် အရွယ်ကလေးများမှာ အသံစူးစူးနဲ့ အော်ငိုတာ၊ နို့ ကောင်းကောင်းမစို့၊ အစာကောင်းကောင်းမစားတာ၊ ခဏခဏ အန်တာ၊ တက်တာတွေ ဖြစ်ရင် ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသပေးဖို့ လိုပါတယ်။ တခြားအသက်အပိုင်းအခြားများမှာလည်း ဦးနှောက်အခန်းမှာ အရည်စုရတဲ့ အကြောင်းအရင်းများ တစ်ခုမက ရှိနေနိုင်တဲ့အတွက် လက္ခဏာများ ခံစားရရင် ဦးနှောက်နဲ့ အာရုံကြောအထူးကုထံ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါတယ်။
ရေးသားသူ - Dr. MMT